မော်လမြိုင် မတ် ၂၉
မွန်ပြည်နယ် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယက ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကော်မတီများ ဖွဲ့စည်းခဲ့ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိကြရန် လိုအပ်ကြောင်း၊ မြန်မာတို့၏ရိုးရာ မြန်မာ့ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးကို အနှစ်သာရရှိရှိဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြန်မာတို့၏ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်မပျက်စေရေး အစဉ်အလာ ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မော်လမြိုင်မြို့ကမ်းနားလမ်းတစ်လျှောက် ဖျော်ဖြေရေး အကမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များဖြင့် ပြည်သူများ ပျော်ရွှင်စိတ်အေးချမ်းသာစွာ ရေကစားနိုင်စေရေး ဆောင်ရွက်သွားစေလိုကြောင်း၊ မွန်ပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဉီးစီးကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြပြီး တက်ရောက်လာသော လုပ်ငန်းရှင်များ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ပြည်နယ်၀န်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်