ဒေးဒရဲ မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိပြီး စာဖတ်စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာနှင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး အ.ထ.ကကျောင်းများက ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအား အသိပညာပေးပြသခဲ့ကြောင်း သိရသည်။
အေဇာလင်း