ဘိုကလေးမြို့နယ်တွင် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့်မားရေး ဆွေးနွေးပွဲ ကျင်းပ ဆောင်ရွက်

ဘိုကလေး မတ် ၂၉

အခြေခံပညာ မူလတန်းသင် ဆရာ/မများအနေဖြင့် သင်ကြားရေးစွမ်းရည် ပြည့်ဝစေရေးကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ပေါ် အခြေခံပညာကျောင်းများ၌ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့်မားရေး ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆွေးနွေးပွဲအား မတ်လ(၂၈)ရက်နေမှ စတင်ကျင်းပခဲ့ပြီး မတ်လ(၃၁)ရက်နေ့အထိ (၄)ရက်တာ ကျင်းပမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ/မများနှင့် ကျောင်းအုပ် (၁၈၀၀)ကျော် တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ခရိုင် အဆင့်များတွင်  ဘာသာရပ်စွမ်းရည်မြင့်မားရေးသင်တန်း သွားရောက်တက်ရောက်ထားသော နည်းပြ (၆၃)ဦးမှ ဘာသာရပ်ဆိုင်ရာ သင်ကြားမှုများအား ဦးဆောင်ဆွေးနွေးကြကြောင်း သိရသည်။

ထို့အပြင် ဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘိုကလေးမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ အနေဖြင့်လည်း ကြီးကြပ်ဆောင်ရွက်မှုများနှင့်အတူ လိုအပ်သည်များကိုလည်း ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)