ကသာ မတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက အသိပညာပေး Talk Show အစီအစဉ်များ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြီး ကသာခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထက်ဝေအောင်က ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမားများ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ ကလေးအလုပ်သမားနှင့် အန္တရာယ်ရှိသော လုပ်ငန်းခွင်များ၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေလိုပါက သတ်မှတ်ထားသော သတ်မှတ်ချက်များအကြောင်းနှင့် ကလေးအလုပ်သမားများအတွက် ကာကွယ်ပေးထားသော ဥပဒေများ၊ ကလေးအလုပ်သမားများ ပပျောက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများသို့ Online မှ အသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ သိသင့်သိထိုက်သော အကြောင်းအရာများကို ဌာနအဖွဲ့အစည်းများ၊ မြို့နယ်စာရေးဆရာအသင်းများနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(ကသာ)