ဘိုကလေးမြို့နယ်တွင် ပါဠိပထမပြန် စာမေးပွဲကျင်းပ

ဘိုကလေး မတ် ၂၈

ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးနှင့် သာသနာ့အာဇာနည်များ ပေါ်ထွန်းလာစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မြို့မဆွမ်းလောင်းအသင်းကြီးတွင် မြို့နယ်သာသနာရေးဦးစီးဌာနမှကြီးမှူး၍ မြို့နယ်ဆရာတော်၊ သံဃာတော်ကြီးများ၏ ကြီးကြပ်မှုများနှင့်အတူ ပါဠိပထမပြန်စာမေးပွဲအား ယနေ့ မွန်းတည့်(၁၂)နာရီ အချိန်တွင် စတင်ကျင်းပသည်။

အဆိုပါ စာမေးပွဲတော်ကြီးအား ယနေ့မှစတင်၍ ဧပြီ(၃)ရက်နေ့အထိ (၇)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်တွင်း ကျောင်းတိုက်ပေါင်းစုံမှ ရဟန်း၊ သံဃာတော်(၁၀၁)ပါး ဝင်ရောက်ဖြေဆိုကြကြောင်းနှင့် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများ၊ စာဖြေသံဃာများနှင့် ရှင်သာမဏေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

၎င်းစာမေးပွဲတွင် အခြေပြုမူလတန်းများအနေဖြင့် ဝိနည်းကျင့်ဝတ်၊ ကစ္စည်းသဒ္ဒါကြီးဘာသာ၊ အဘိဓမ္မတ္တသင်္ဂဟဘာသာ၊ တိကမာတိကာ ဘာသာရပ်များ၊ ပထမငယ်တန်းများ အနေဖြင့် ဘိက္ခုပါတိမောက် ဘာသာ၊ ကစ္စည်းသဒ္ဒါကြီးဘာသာ၊ အဘိဓမ္မတ္တသင်္ဂဟဘာသာ၊ တိကမာတိကာနှင့် ဒုကမာတိကာဘာသာ၊ ဘာသာပြန်ဘာသာရပ်များ၊ ပထမလတ်တန်းများ အနေဖြင့် ဒွေမာတိကာ ဘာသာ၊ ကစ္စည်းသဒ္ဒါကြီးဘာသာ၊ အဘိဓမ္မတ္တသင်္ဂဟဘာသာ၊ သုတ္တန္တိကမာတိကာနှင့် ဓာတုကထာဘာသာ၊ ယမိုက်အောက် (၅)ကျမ်းဘာသာ၊ ဘာသာပြန်ဘာသာများ၊ ပထမကြီးတန်းများအနေဖြင့် ဒွေမာတိကာ ဘာသာ၊ ကစ္စည်းသဒ္ဒါကြီးဘာသာ၊ အဘိဓမ္မတ္တသင်္ဂဟဘာသာ၊ အဘိဓာန်အလင်္ကာဆန်းဘာသာ၊ ယမိုက်အထက် (၅)ကျမ်းဘာသာ၊ ပဌာန်းကုသလတိက်ဘာသာနှင့် ဘာသာပြန်ဘာသာများ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)