ရေဦး မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်၊ ရေဦးမြို့ ချမ်းသာကြီးပါဠိတက္ကသိုလ်ကျောင်းတိုက် ချမ်းသာကြီးခန်းမတွင် ၂၀၂၃ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယနေ့နေ့လည် ၁၂ နာရီက စတင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
၂၀၂၃ ခုနှစ်အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်ကြီးများ အမှူးပြုလျက် ပထမကြီး၊ ပထမငယ်၊ ပထမလတ်တန်းအလိုက် စာဖြေသံဃာနှင့် သီလရှင်ဆရာကြီးများစုစုပေါင်း ၆၄ ပါးကြွရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါစာမေးပွဲသို့ ကြွရောက်တော်မူလာကြသော မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ကြီးကြပ်ရေးဆရာတော်ကြီးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က အအေးနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၈ ရက်နေ့မှ ဧပြီ ၃ ရက် နေ့အထိ ၆ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန ဝန်ထမ်းများက စာဖြေဆရာတော် သံဃာတော်များ စိတ်အေးချမ်းစွာစာဖြေ ဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
သန်းသန်း (ရေဦး)