ဆိပ်ဖြူမြို့နယ်တွင် နွေးသီးနှံစိုက်ပျိုးမည့်တောင်သူများ စိုက်ပျိုးရေရရှိ၍ မြေပြင်ခြင်းဆောင်ရွက်

ဆိပ်ဖြူ မတ် ၂၈

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း စိုက်ပျိုးဧရိယာအတွင်း နွေသီးနှံပဲတီစိမ်းနှင့် နွေနှမ်းစိုက်ပျိုးမည့်တောင်သူများ စိုက်ပျိုးရေရရှိသည့်အတွက် စိုက်ပျိုးမြေပြင်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းရှိ  နွေသီးနှံစိုက်ပျိုးမည့် တောင်သူများ အတွက် မကွေးတိုင်းဒေသကြှီးအစိုးရအဖွဲ့၏ ထောက်ပံ့ခွင့်ပြုငွေဖြင့် တိုင်းဒေသကြီးနှင့်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်) တာဝန်ရှိသူများကြီးကြပ်၍ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်းက တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက ဧရာဝတီမြစ်မှ ရေခေါ်မြောင်းနှင့် ရေဝပ်ကျင်းတူးဖော်၍ စိုက်ပျိုးရေရှိရေးအတွက် ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိသည်။ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း စိုက်ပျိုးဧရိယာအတွင်း ၂၀၂၃ ခုနှစ်  နွေသီးနှံအတွက် စိုက်ပျိုးရေကို စိုက်ဧက (၅၀၀) ဧက ရေပေးဝေသွားမည်ဖြစ်ကြောင်း ၊ နွေသီးနှံစိုက်ပျိုးမည့် တောင်သူများကိုလည်း ယမန်နေ့က အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်၌   တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ စိုက်ပျိုးရေပေးဝေရေး ကော်မတီဝင်များက စိုက်ပျိုးရေပေး‌ဝေမည့် လုပ်ငန်းရပ်များ ၊ နွေသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက် မျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးရေးနည်းပညာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း ၊ နွေသီးနှံစိုက်ပျိုးရေကို ပင်မမြောင်းမကြီးမှ ထပ်ဆင့်(၂) ၊ထပ်ဆင့်(၃) ရေတင်စနစ်မှ လက်တံမြောင်း အမှတ်(၅)မှ လက်တံမြောင်းအမှတ်(၁၀) အထိ ရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ထားရှိသော်လည်း တောင်သူများ၏တင်ပြတောင်းဆိုမှုကြောင့်    လက်တံမြောင်း အမှတ်(၃)မှ လက်တံမြောင်းအမှတ်(၁၀)ထိ တိုးချဲ့၍ စိုက်ပျိုးရေပြည့်ဝစွာ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ယခင်နှစ် နွေသီးနှံပဲတီစိမ်း စိုက်ပျိုးမှုတွင် ဒေသခံတောင်သူများ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းကာ သီးနှုန်းအထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိခဲ့သည့်အတွက် မိသားစု ဝင်ငွေတိုးပွားစွာ ရရှိသည့်အတွက် ယခုနှစ် နွေသီးနှံပဲတီစိမ်းနှင့် နွေနှမ်းများကို အချိန်မီ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးမြေပြုပြင်ခြင်း၊ စိုက်ခင်းရေသွင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးလင်းနိုင်(IPRD)