မိုးရာသီမတိုင်မီ ဓနိလုပ်ငန်းလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ

ပုသိမ် မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် မြို့ချောင်းကျေးရွာတွင် နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး၊ လက်မှုလုပ်ငန်းများဖြစ်သည့် ပုသိမ်ထီး လုပ်ငန်းတွင် အသုံးပြုသည့် ဝါးဖြင့် ခရိုင်(ထီးရိုးတံ)လုပ်ငန်းများ ပြုလုပ်ခြင်း၊ ဓနိထိုး၍ ရောင်းချခြင်း လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။

မိုးရာသီကာလသို့ မရောက်မီ ကျေးရွာအတွင်း နေထိုင်သူများမှ မိသားစုဝင်ငွေ တိုးပွားရေးအတွက် ဓနိထိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။ ဓနိပြုလုပ်ရာတွင် မြို့ချောင်း၊ ချောင်းဘေးရှိ ဓနိစိုက်ခင်းများမှ ဓနိလက်များ ခုတ်ယူကာ မိသားစုဝင်ငွေ တိုးပွားရေးအတွက် ကလေးလူကြီးများပါ လုပ်ကိုင်လျက်ရှိကြောင်း ကျေးရွာအတွင်း နေထိုင်သူ ဦးလှသိန်းထံမှ သိရသည်။ ဓနိများခုတ်ယူရာတွင် အလုပ်သမားခ (ခုတ်ခ)အဖြစ် အချောင်း (၁၀၀)လျှင် ငွေကျပ် (၂၅၀၀/-)ပေးရပြီး ဓနိထိုးခ (၂၅၀၀)ကျပ်ရှိပြီး ဓနိတံအချောင်း(၁၀၀)ကို (၂၀၀၀)ကျပ်ပေးရကြောင်း၊ ဓနိများကို ပြန်လည်ရောင်းချပါက ဓနိအပျစ်(၁၀၀)လျှင် (၁၅၀၀၀)ကျပ်ဖြင့် ပြန်လည် ရောင်းချရကြောင်း ဓနိလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဝင်းဝင်းလှိုင်ထံမှ သိရသည်။

မြို့ချောင်းကျေးရွာသည် ကွန်ကရစ်လမ်းများဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောကြောင့်
ဓနိများကို အခြားသော နီးစပ်ရာကျေးရွာများမှ လာရောက်ဝယ်ယူကြသဖြင့် ဓနိလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြင့်ဟန်