ဝန်းသိုမြို့တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ဝန်းသို မတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ခန္တီး ပရိယတ္တိစာသင်တိုက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော် သံဃာတော်များနှင့် ကြွရောက်ပူဇော်လာကြကုန်သော ဧည့်ပရိတ်သတ်တို့က နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုမာရထံမှ  ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမြင့်ထွန်းက မြို့နယ်လုံးဆိုင်ရာ သာသနာရေးကိစ္စရပ်များကို လျှောက်ထားတင်ပြခြင်း၊  ပင့်သံဃာဆရာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းစသည့် အစီအစဉ်အတိုင်း ဆောင်ရွက်ကာ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကုမာရက ကြွရောက်ပူဇော်လာကြကုန်သော ဧည့်ပရိတ်သတ်အပေါင်းတို့အား ဩဝါဒတရား ဟော်ကြားတော်မူခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲကြီး၌ ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော ပထမ ကြီးတန်း (၁)ပါး၊ ပထမလတ်တန်း (၆)ပါး၊ အခြေပြုမူလတန်း (၄)ပါး စုစုပေါင်း သံဃာတော် အရှင်သူမြတ်နှင့် သီလရှင်ဆရာလေး (၁၁) ပါးတို့အား နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းပူဇော်သည့် အောင်လက်မှတ်နှင့် ဂုဏ်ပြုဝတ္ထုငွေတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးမြင့်ထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များက အသီးသီး ဆက်ကပ်လှူဒါန်းပူဇော်ပြီး မြို့နယ်သံဃာ့နာယက ဆရာတော် ဘဒ္ဒန္တကုမာရက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ တရားချီးမြှင့်ဟောကြားကာ ပင့်သံဃာ ဆရာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က  ဗုဒ္ဓသာသနံ  စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထွန်းထွန်း