ပန်းတနော် မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်စီစီက အခြေခံပညာမူလတန်းအဆင့် ကျောင်းများတွင် သင်ကြားမှု စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် ဆရာ/ဆရာမများအနေဖြင့် အလေးထား ကြိုးစားကြရန် လိုအပ်ကြောင်း၊ သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့် သင်တန်းတွင် ဆွေးနွေးရမည့် အကြောင်းအရာများကို မှာကြားဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းအဆင့် ကျောင်းများမှ ဆရာ/ဆရာမ စုစုပေါင်း (၁၃၃၅) ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး ဆွေးနွေးပွဲကာလမှာ မတ်လ၂၈ မှ ၃၁ ရက်နေ့အထိ (၄) ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)