အထက်မင်းလှ မတ် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက မင်းလှမြို့၊ရုံးရပ်မြောက်ရပ်ကွက် သာသနာ့ဗိမာန်၌ စတင်ဖြေဆိုလျက်ရှိသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင်ဖြေဆိုရန်စာရင်းသွင်းသံဃာ(၄၃)ပါးရှိရာ ပထမတန်းကြီး (၆)ပါး ပထမတန်းလတ်(၆)ပါး၊ ပထမတန်းငယ်(၁၈)ပါး၊ အခြေပြုမူလတန်း(၉)ပါး စုစုပေါင်း (၃၉)ပါးကြွရောက် ဖြေဆိုခဲ့ပြီး၊ ပထမတန်းကြီး(၁)ပါး၊ ပထမတန်းလတ်(၁)ပါး၊ အခြေပြု မူလတန်း (၂)ပါးစုစုပေါင်း(၄)ပါး ဖြေဆိုရန်ပျက်ကွက်ကြောင်း သိရသည်။ မင်းလှမြို့နယ်၌ ၂၀၂၃ ခုနှစ်တွင် ကျင်းပသည့် အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ်လ(၂၈)ရက်နေ့မှ ဧပြီလ (၃)ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါစာမေးပွဲပျင်းပပြုလုပ်ရာတွင် ဩဝါဒဆရာ တော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင်များ၊ မြို့နယ် သာသနာရေးမှူးတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
မင်းလှမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ အလှူရှင်များက စာဖြေသံဃာတော်များအား နေ့စဉ် ဆွမ်း၊ ဘောဇဉ်အာဟာရများ ဆက်ကပ်လှုဒါန်းလျက် ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)