ကျုံပျော် မတ် ၂၈
ဆရာ၊ ဆရာမများ သင်ကြားမှုအရည်အသွေး မြင့်မားတိုးတက်လာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ကျုံပျော်မြို့နယ် ပညာရေးမှူး ဆရာကြီး ဦးသန်းဦးက ဆရာ၊ ဆရာမများအနေဖြင့် ယခု ဆွေးနွေးပွဲတွင် စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်ဆွေးနွေးကြရန်၊ စည်းကမ်းစနစ်တကျဖြင့် အများစံထားထိုက်သူများ ဖြစ်ကြစေရန် ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးစိုးနိုင်က ဆွေးနွေးပွဲ ပြုလုပ်မည့် အချိန်ဇယားနှင့် စည်းကမ်းချက်များအား ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ စွမ်းရည်မြှင့် ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံကျောင်းများမှ နည်းပြ ဆရာ၊ ဆရာမ(၂၂၅)ဦး၊ သင်တန်းသား (၉၂၁)ဦး၊ စုစုပေါင်း (၁၁၄၆)ဦး တက်ရောက်ခဲ့ကြကာ သင်တန်းခန်းမ (၃၁) ခန်းဖြင့် မတ်လ ၂၈ ရက်မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)