၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲ ကသာမြို့၌ ပြုလုပ်

ကသာ မတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မူလတန်း အဆင့် ဘာသာရပ်စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီ အချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ကသာခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းက ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲဆိုင်ရာ ကိစ္စရပ်များအကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ယခုဆွေးနွေးပွဲတွင် မိမိတို့၏ အတွေ့အကြုံများနှင့် ပတ်သက်သည်များကို ဝိုင်းဝန်း ပါဝင်ဆွေးနွေးပေးစေလိုကြောင်း၊ နယ်မြေအခြေအနေအရ အခြားမြို့နယ်များမှ ဆရာ/ဆရာများကလည်း တက်ရောက်နိုင်ပါကြောင်း၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲနှင့် ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသို့ ကသာမြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများနှင့် မူလွန်ကျောင်းများမှ တက်ရောက်ကြပြီး မူလတန်းအဆင့် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ လူမှုရေး၊ သိပ္ပံဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးခြင်းကို နည်ပြဆရာ/ဆရာမ(၁၁)ဦးဖြင့် ဦးဆောင် ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ဆရာ/ဆရာမ စုစုပေါင်း (၁၂၀)ဦး တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို မတ်လ (၂၈)ရက်နေ့မှ မတ်လ (၃၁)ရက်နေ့အထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နေ့စဉ်နံနက် (၉)နာရီမှ နေလည် (၁၂)နာရီအထိ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ကသာ)