သထုံမြို့နယ်အတွင်း ရွေ့လျားကွန်ပျူတာ ဓာတ်မှန်စက်ဖြင့် အဆုတ်(တီဘီရောဂါ) နှင့် ရင်ခေါင်းဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေး ကုသခြင်းလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်

သထုံ မတ် ၂၈

မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်းကျန်းမာရေး စစ်ဆေးရေးအဖွဲ့နှင့် သထုံမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း ဆောင်ရွက်သော ရွေ့လျားကွန်ပျူတာဓာတ်မှန်စက်ဖြင့် အဆုတ်(တီဘီရောဂါ)နှင့် ရင်ခေါင်းဆိုင်ရာများ အခမဲ့စမ်းသပ်စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို ယနေ့နံနက်က သထုံမြို့နယ် သုဝဏ္ဏဝတီမြို့၊ တံတားဦးကျေးလက်‌ဆေးပေးခန်း၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နယ်လှည့် စစ်ဆေးကုသရာတွင် ပြည်နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဦးနှင့် တာဝန်ရှိသူတို့က လာရောက်ပြသသည့် ပြည်သူများအား ရွေ့လျားကွန်ပျူတာ ဓာတ်မှန်စက်ဖြင့် ဓာတ်မှန်ရိုက်စစ်ဆေးပြီး၊ ရောဂါတွေ့ရှိသူများအား သလိပ်စစ်ဆေး၍ သက်ဆိုင်ရာဆေးများနှင့် လိုအပ်သော ကုသမှုများ လမ်းညွှန်ပေးခဲ့ကြောင်း၊ ရောဂါတွေ့ရှိသူများအတွက် ၆ လစာဆေးများကိုပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများထံမှတစ်ဆင့် တစ်လစာဆေးကို ထုတ်ယူနိုင်ပါကြောင်း နယ်လှည့်ကွင်းဆင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ နယ်လှည့်စမ်းသပ်၊ စစ်ဆေး၊ ကုသခြင်းလုပ်ငန်းများကို သထုံမြို့နယ်အတွင်း မတ်လ ၂၀ ရက်နေ့မှစတင်ကာ ၃၀ ရက်နေ့အထိ သထုံမြို့နယ်နှင့် သုဝဏ္ဏဝတီမြို့အတွင်း ရပ်ကွက်ကျေးရွာတို့ရှိ စုရပ် ၁၀ နေရာ၌ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ တစ်ရက်လျှင် စုရပ်တစ်နေရာစီ လိုက်လံဆောင်ရွက်‌နေပြီး မတ်လ ၂၈ ရက်နေ့အထိ စုရပ် ၈ နေရာ၌ စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ ၄၅ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နဒီ(ပြန်/ဆက်)