ဆင်ပေါင်ဝဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များသို့ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ဆင်ပေါင်ဝဲ မတ် ၂၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီ အချိန်က ဆင်ပေါင်ဝဲမြို့ အမှတ်(၁)ရပ်ကွက်ရှိ  နေအိမ်များသို့ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင် လက်ထောက်မီးသတ်ဦးစီးမှူး ဦးချစ်ထွေး ဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များက အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ သွားရောက်၍ ပြည်သူများအနေဖြင့် မြို့နယ်အတွင်းမီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျအသုံးပြုစေရေး၊ လျှပ်စစ်မီးသုံးစွဲသူများအနေဖြင့် မိမိတို့နေအိမ်အတွင်းသွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအား အရည်အသွေးကောင်းမွန်သော အမျိုးအစားများသုံးစွဲကြပါရန်နှင့် ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများအနေဖြင့် မီးကျွင်းမီးကျန်များကို စနစ်တကျမီးငြိမ်းသတ်စေရန်၊ မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ အသင့်ထားရှိရန်လိုအပ်ကြောင်း၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ပေးကြရန် စသည့်တို့ကို ကွင်းဆင်းစစ်ဆေးအကြံပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)