ရွှေတောင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်

ရွှေတောင် မတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ်၌ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီက အ.ထ.က  ရွှေတောင် ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေတောင်မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများအနေဖြင့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ  စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်နှင့် အပြန်အလှန်ဆွေးနွေးရာတွင်လည်း တက်ကြွစွာ ဆွေးနွေးပြောဆိုကြရန် မှာကြားခဲ့သည်။

အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် နည်းပြဆရာ/ ဆရာမ ၂၉ ဦးတို့က  ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ မိတ်ဆက်၊ သူငယ်တန်း (KG) သင်ယူမှုလုပ်ငန်းများနှင့် စစ်ဆေးအကဲဖြတ်ခြင်း၊ မူလတန်းအဆင့်အတန်းစုံ ဘာသာရပ်အစုံ၊ ကျောင်းအခြေပြု စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် (CPD) စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပြန်လည်သုံးသပ်ဆွေးနွေးခြင်း စသည့်ဘာသာရပ်များကို  ရွှေတောင်မြို့နယ်အတွင်းရှိ မူလတန်းကျောင်းအုပ်များနှင့် မူလတန်းအဆင့်သင် ဆရာ၊ ဆရာမ  ၈၅၁ ဦးအား ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲ ကာလမှာ မတ်လ  ၂၈ ရက်မှ  မတ်လ  ၃၁ရက် နေ့အထိ (၄)ရက်တာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ ဆက်)