ရေကြည် မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဒေသထွက်ကုန်များ ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန် အဆိုပါ မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်၍ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဒေသထွက်ကုန် ပြခန်း(၂၀)အား လှည့်လည်ကြည့်ရှု၍ သိလိုသည်များအား မေမြန်းခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေကြည်မြို့နယ် အားကစားရုံဖွင့်ပွဲနှင့် နွေရာသီ ဖိတ်ခေါ် ဖလားအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားအား ဆက်လက်တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အားကစားရုံ ကမ္မည်းကျောက်စာတိုင်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ အားကစားခန်းမအတွင်း ဖျော်ဖြေရေးနှင့် သရုပ်ပြအဖွဲ့များက ဖျော်ဖြေခြင်း၊ အားကစားပြိုင်ပွဲ ကျင်းပခြင်း နှင့် ဘောလီဘော ချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပခြင်းတို့အား ဝန်ကြီးချုပ်နှင့် တာဝန်ကြီးရှိသူများက တက်ရောက်ကြည့်ရှု အားပေးပြီး အားကစားအထောက် အကူပြုပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)