ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ

ချောင်းသာ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ ယခင်ပုံမှန်ရက်များထက် ခရီးသည် ဝင်ရောက်မှုများပြားလျက်ရှိပြီး ယနေ့နံနက်ပိုင်းက ချောင်းသာကမ်းခြေတွင် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။

"ရုံးပိတ်ရက် (၃)ရက်ပိတ်ဆုံသွားတာရယ် သင်္ကြန်မတိုင်မီ နားအေးပါးအေး  အပန်းဖြေလာကြတဲ့သူတွေရယ်  ကျောင်းသားအရွယ်တွေ၊ လူကြီး၊ လူငယ်၊ လူလတ်အစုံ လာလည်ကြတာများတယ်၊ သောကြာနေ့ ညနေပိုင်းလောက်ကတည်းက စ စည်ကားလာပြီး တစ်နေ့တစ်နေ့ သိသိသာသာ ပိုစည်ကားလာတယ်၊ ကမ်းခြေစျေးသည်တွေလည်း လူစည်နေတော့ အရင်ရက်တွေထက် ပိုရောင်းနေရတော့ တော်တော်လေး အဆင်ပြေနေကြတယ်" ဟု ကမ်းခြေတွင် စျေးရောင်းလုပ်ငန်းလုပ်ကိုင်သူ ဦးကျော်ဌေး၏ ပြောကြားချက်အရ သိရပါသည်။

ချောင်းသာမြို့သို့ အပန်းဖြေရန် ခရီးသည်ဝင်ရောက်မှု ယခင်နေ့များထက် တစ်နေ့တစ်ခြားများပြားလာပြီး ကမ်းခြေတွင် ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေး၊ ကမ်းခြေတွင် စျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချစေရေးနှင့် မော်တော်ယာဥ်များ အဆင်ပြေစွာ စနစ်တကျ ရပ်နားနိုင်စေရေးတို့ကို မြို့အုပ်ချုပ်ရေးမှူးဦးသီဟအောင် ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့များနှင့် ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်လေး (ပြန်/ဆက်)