ရန်ကုန်စတော့အိပ်ချိန်း၏ (၇)နှစ်ပြည့်အခမ်းအနား ကျင်းပ

ရန်ကုန် မတ် ၂

မြန်မာ့အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်စတော့အိပ်ချိန်း (YSX) ကို ၂၀၁၅ ခုနှစ်ဒီဇင်ဘာလ (၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး  ၂၀၁၆ မတ်လ (၂၅)ရက်နေ့မှာ စတော့ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ခဲ့ရာ ယမန်နေ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် (၇)နှစ်တိတိပြည့်မြောက်ပြီဖြစ်သည်။

ရန်ကုန်စတော့အိပ်ချိန်း၏ (၇)နှစ်ပြည့် အခမ်းအနားကို ၂၀၂၃ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပခဲ့ရာ အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက YSX ရဲ့(၇)နှစ်တာဖြတ်သန်းခဲ့တဲ့ကာလမှာ တိုးတက်မှုအနေနဲ့ စာရင်းဝင်ကုမ္ပဏီ (၁)ခုနဲ့စတင်ခဲ့ပြီး စာရင်းဝင်ကုမ္ပဏီ (၇)ခု၊ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီ(၆)ခုရှိခဲ့ပါတယ်။ ယခုအချိန်မှာ စတော့ရှယ်ယာများကို အွန်လိုင်းနဲ့လည်း ရောင်းဝယ်နိုင်ပြီဖြစ်လို့ ဝယ်သူနဲ့ ရင်းနှီးမြှုပ်နှံသူတွေက မိမိတို့နေရာမှာတင် အစုရှယ်ယာများကို ရောင်းဝယ်မှု ပြုလုပ်နိုင်ပါတယ်။ နိုင်ငံခြားသားများ ပါဝင်ရောင်းချဖို့လည်း ခွင့်ပြုထားပါတယ်။ မိမိတို့ နှစ်သက်ရာ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ဝယ်ယူနိုင်ပါတယ်။ Main Board ထက်အရွယ်အစားအားဖြင့် သေးငယ်တဲ့ အများပိုင်ကုမ္ပဏီများ အထူးသဖြင့် SME ၊ MSME လုပ်ငန်းများကို စာရင်းဝင်ကုမ္ပဏီသို့ ရောက်ရှိလာအောင် Pre - Listing Boardကို တည်ထောင်ပြီးဖြစ်ပါတယ်၊ MSME လုပ်ငန်းများ ဝင်ရောက် ရောင်းဝယ်နိုင်ပြီ ဖြစ်ပါတယ်။  စာရင်းဝင်ကုမ္ပဏီများကို နိုင်ငံတော်က Corporate Income Tax လျော့ပေးထားပါတယ်။ နောင်တွင်လည်း ငွေချေးစာချုပ် ဈေးကွက် (Corporate Bond Market) ကိုလည်း ထပ်မံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်တိုးတက်ဖွံ့ဖြိုးဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်'' ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်  ၁၉၉၆ ခုနှစ်၌ အရင်းအနှီးဈေးကွက်၏ သန္ဓေဖြစ်သည့် Myanmar Securities Exchange Centre ကို ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး  စတော့အိပ်ချိန်း အစုရှယ်ယာများကို ရောင်းချပေးခဲ့ကြောင်းလည်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။

ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက''ရန်ကုန်စတော့အိပ်ချိန်းဟာ အရင်းအနှီးဈေးကွက် (Capital Market) တစ်ခုဖြစ်ပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များအတွက် ကာလရှည်ငွေကြေးအရင်းအနှီးတွေကို စုစည်းနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။ Stock Exchange ဈေးကွက်ရှိခြင်းဟာ နိုင်ငံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍ တစ်ရပ်အနေနဲ့ တည်ရှိနေတာဖြစ်ပြီး အကျိုး သက်ရောက်မှုများကို စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အများပြည်သူများပါ သိရှိနားလည်ထားဖို့ အရေးကြီးပါတယ်။ အသိပညာပေးအစီအစဉ်များကို ပိုမိုလိုအပ်တဲ့အတွက် ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့လည်း လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်စတော့အိပ်ချိန်းမှာ လက်ရှိ Main Board အပြင် Pre-Listing Board ထူ‌ထောင်မယ်ဆိုတာသိရပြီး စာရင်းဝင်စံနှုန်းများ လျှော့ချထားကြောင်း သိရတဲ့အတွက် အလယ်အလတ် အရွယ်အစားရှိ အလားအလာကောင်းသော ကုမ္ပဏီများအတွက် အခွင့်အလမ်းကောင်းဖြစ်တဲ့အတွက် မိမိတို့ကွန်ရက်အတွင်းမှာရှိတဲ့ ကုမ္ပဏီများကို ပါဝင်ဆောင်ရွက်သွားဖို့တိုက်တွန်းသွားမှာဖြစ်ကြာင်း အသိပေးလိုပါတယ်'' ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင်၂၀၀၈ ခုနှစ်၌ Capital Market Development Committee ကိုဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရန် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့သည်။ ငွေချေးသက်သေခံလက်မှတ်များ အခိုင်အမာရှိစေရန်အတွက် ဥပဒေ၊ နည်းဥပဒေများကိုလည်း ၂၀၁၅ ခုနှစ်တွင် ပြဌာန်းခဲ့ကြောင်းသိရှိရသည်။

အခမ်းအနားတွင် Future Growth with Financial Options in Myanmar ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ တွင် အတွေ့အကြုံရှိ ကျွမ်းကျင်သူများ ဖြစ်သည့် SECM မှ အကြံပေး ဒေါ်တင်မေဦး၊ Win Thin & Associates မှ Managing Partner ဦးမိုးကျော်၊ MAEX မှ Director ဦးသူရိန်အောင်၊ Myanmar Legal MHM Ltd မှ Counsel ဒေါ်သစ်သစ်အောင်၊ YSX မှ အမှုဆောင်အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊မြန်မာ့စီးပွားရေးဦးဆောင်ညွှန်ကြားရေးမှူး၊ ရန်ကုန်စတော့အိပ်ချိန်း မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းနိုင်ဦး၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်း ဥက္ကဋ္ဌ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကော်မရှင်အဖွဲ့ဝင်များ၊ စာရင်းဝင်ကုမ္ပဏီများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

လက်ရှိ ရန်ကုန်စတော့အိပ်ချိန်း စာရင်းဝင်ကုမ္ပဏီများမှာ First Myanmar Investment (FMI), Myanmar Thilawa SEZ, Myanmar Citizens Bank(MCB)First Private Bank , TMH Telecom Co.,Ltd, Ever Flow River Co.,Ltd, Amata Holding Co.,Ltd တို့ဖြစ်ကြောင်းသိရသည်။

အောင်မြင့်(ပြန်/ဆက်)