မြဝတီ မတ် ၂၇
မြန်မာ-ထိုင်းနယ်စပ် မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းရှိ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားနှင့် မြဝတီကုန်သွယ်ရေးဇုန်တို့တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများအား ယမန်နေ့ မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြဝတီကုန်သွယ်ရေးဇုန်မှ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချစ်ဝင်းက “ကျွန်တော်တို့ ဒီနေ့မနက်ကတော့ နံနက် ၇ နာရီကနေစပြီးတော့ အခြေချစစ်ဗျူဟာ(သင်္ကန်းညီနောင်) ဦးစီးပြီးတော့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ် ချုပ်ရေးမှူး ဦးစိုးတင့် အနီးကပ်ကြီးကြပ်ကာ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့တို့၊ အလုပ်သမားကုန်တင်ကုန်ချတို့ အင်အား အားလုံး ၂၀၀ ကျော်လောက်နဲ့ပေါ့နော် မတ်လ ၂၅ ရက်နေ့က ဖြစ်စဉ်ဖြစ်တဲ့ ပျက်စီးဆုံးရှုံးတဲ့နေရာတွေကို သန့်ရှင်းရေးတွေလုပ်ပါတယ်။ ပြီးတော့ မီးလိုင်းတွေလည်း ပြန်တပ်ပြီးပါပြီ။ အဓိကကတော့ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေကို ကျွန်တော်တို့က ပြန်လည်ပြီး ဆောင်ရွက်ပေးနေပါပြီ။ အခုဆိုရင်လည်း ပို့ကုန်ကားတွေ အားလုံးဝင်နေပါပြီ။ သွင်းကုန် ကတော့ လောလောဆယ် အာရှလမ်းမကြီး အခြေအနေကြောင့် ကားတွေ ဝင်ရောက်နိုင်ခြင်း မရှိသေးပေမယ့် Maccs စနစ်မှာတော့ သွင်းကုန်ကြေညာလွှာတွေကိုတော့ တင်သွင်းပြီးတော့ ဆောင်ရွက် နေပါတယ်။ မကြာခင်လည်း သူတို့လာပြီးတော့ ယာဉ်အစစ်ခံမှာဖြစ်ပါတယ်”ဟု ပြောသည်။
“အဓိကကတော့ ကျွန်တော်တို့ မြဝတီကုန်သွယ်ရေးဇုန်အနေနဲ့ကတော့ မြန်မာ-ထိုင်း ကုန်သွယ်မှုမှာကတော့ မြန်မာနိုင်ငံမှာ အဓိက ဝင်ပေါက်ဖြစ်နေတော့လေ ဒီကုန်သွယ်မှု ဝင်ပေါက်က တိုင်းပြည်အတွက်လည်း ဘဏ္ဍာငွေက အဓိက အခွန်တွေရနေတော့ ကျွန်တော်တို့ကတော့ အောင်မြင် အောင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ပြီးတော့ ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်တွေကိုလည်း ကျွန်တော်တို့က ဝန်ဆောင်မှု အပြည့်ပေးနေတယ် ဆိုတာ လေး ပြောကြားချင်ပါတယ်ခင်ဗျာ” ဟု အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးချစ်ဝင်းက ဆက်လက် ပြောကြားသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများအား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားကြီးနှင့် မြဝတီကုန်သွယ်ရေးဇုန်တွင် ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိရာ သွင်းကုန်အနေဖြင့် တစ်နေ့လျှင် ကားအစီးရေ ၃၀၀ နီးပါး၊ ပို့ကုန်အနေဖြင့် ကားအစီးရေ ၂၀၀ နီးပါး၊ ကုန်ပစ္စည်းတင်မည့် ကုန်မဲ့ခါလီယာဉ်များ အနေဖြင့် ကားအစီးရေ ၂၀၀ နီးပါး၊ ရန်ကုန်-သီလဝါ SES ကိုသွားမည့် ကုန်တင်ကားများအနေဖြင့် တစ်နေ့လျှင် ကားအစီး ၆၀ နီးပါးခန့် သွားလာဆောင်ရွက်လျက်ရှိကြောင်း မြဝတီမြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဌေး ထံမှ သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)