မူဆယ်မြို့၌ ဌာနဆိုင်ရာအခမ်းအနားများတွင် အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်မည့် အခမ်းအနားမှူးများ စိစစ်ရွေးချယ်

မူဆယ်    မတ် ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ခရိုင်အထွေထွေစီမံအုပ်ချုပ်ရေး စုပေါင်းရုံး အစည်းအဝေးခန်းမ၌  နိုင်ငံတော်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အခမ်းအနားများတွင် အစီအစဉ်တင်ဆက်သည့် အခမ်းအနားမှူးများ အသံဩဇာပါဝါနှင့် ကိုယ်နေဟန်ထားများအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ပေးထားပြီး စိစစ်အကဲဖြတ်မှုကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဌာနမှရွေးချယ်ထားသော အခမ်းအနားမှူး(၂)တွဲ၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှရွေးချယ်ထားသော အခမ်းအနားမှူး(၃)တွဲနှင့် မြို့နယ်ပညာရေးဌာနမှ ဆရာမ အခမ်းအနားမှူး(၁)တွဲတို့က အခမ်းအနားနှင့်ပတ်သက်သော အစီအစဉ်များ၊ အစည်းအဝေးနှင့်ပတ်သက်သော အစီအစဉ်များကို စီစစ်အကဲဖြတ်ကြသူများသို့ ကိုယ်နေဟန်ထား၊ အသံနေအသံထားတို့ဖြင့် ဖတ်ကြားပြခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးအောင်ဇော်မိုးက ဖတ်ကြားသွားသော အခမ်းအနားမှူး(၆)တွဲ၏လိုအပ်သည်များကို ထောက်ပြပြောဆိုခဲ့ပြီး အခမ်းအနားမှူးတို့၏ လိုအပ်သော အသံဩဇာပါဝါ၊ အသံအနေအထား၊ အသံအနိမ့်အမြင့်၊ ရုပ်ရည်နှင့် အရပ်အနိမ့်အမြင့်၊ အခမ်းအနားမှူးမှ တက်ရောက်လာသော ပရိသတ်များကို လွှမ်းမိုးနိုင်မှုတို့ကို သင်ပြပြောကြားခဲ့ပါသည်။ ထို့အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးတို့မှ အခမ်းအနားမှူးများသည်  အခမ်းအနားများတွင် တက်ရောက်သည့် နိုင်ငံတော်အကြီးအကဲများ၏ ရာထူး/နာမည်တို့ကို တိကျမှန်ကန်စွာ ပြောကြားရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသော ပရိသတ်၏ အရိပ်အကဲကြည့်ရမည်ဖြစ်ကြောင်း၊ အခမ်းအနားမှူးက ပွဲမရှိန်သင့်ကြောင်း၊ တက်ရောက်လာသောတာဝန်ရှိသူများ၏ သဘောသဘာဝ အရိပ်အကဲတို့ကိုလည်း ကြိုတင်သိထားသင့်ကြောင်း၊ အခမ်းအနားမှူးတို့ ဝတ်စားဆင်ယင်ပုံနှင့် ဆံပင်ပုံစံအနေအထားတို့ကို ထပ်ဆင့်ထောက်ပြပြောကြားခဲ့ကြောင်း သိရှိရသည်။

ဆက်ပိုင်(ပြန်/ဆက်)