(၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံမြို့နယ်အတွင်း အဆင့်မြှင့်တင်ဖော်ထုတ်ပြီးစီးခဲ့သည့် လယ်ယာ‌မြေ ဧက (၂၀၀) အား မူလပိုင်ရှင်တောင်သူများထံပေးအပ်

သထုံ မတ် ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သည့် လယ်ယာမြေဧက (၂၀၀) အား (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလပိုင်ရှင်တောင်သူများထံ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက သိမ်ကုန်းရပ်ကွက်၊ တံတားဖြူအနီးရှိ အဆိုပါလယ်ယာမြေ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးရဲမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များနှင့် အဆင့်မြင့်လယ်ယာမြေ၏ အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိ သူတို့က အဆင့်မြှင့်တင်ဖော်ထုတ်ပြီးစီးခဲ့သည့် တောင်သူ (၁၃)ဦးတို့၏ လယ်ယာမြေ ဧက‌ (၂၀၀) အား တောင်သူကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြသည်။

လယ်ယာမြေများကို ယခုကဲ့သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကြောင့် မြေပြင်ညီညာခြင်း၊ လယ်ယာမြေအတွင်း ရေသွင်းရေထုတ်ကောင်းမွန်ခြင်း၊ လယ်ကန်သင်းများ စနစ်တကျရှိခြင်း၊ လယ်ယာသုံးစက်ကိရိယာများ ဝင်ထွက်လွယ်ကူခြင်းနှင့် စပါး အပါအဝင် စိုက်ပျိုးသီးနှံအမျိုးမျိုးတို့ အထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် တောင်သူများအတွက်များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂/၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း (၆၀)ဖြင့် ဥက္ကာဖြိုးကုမ္ပဏီမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ကာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့အထိ တာဝန်ယူဆောင်ရွက်ခဲ့ ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)