တပ်ကုန်း မတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့လယ်သာသနာ့ဝေပုလ္လစာသင်တိုက် ပဓာနနာယကဆရာတော် သဒ္ဒမ္မဇောတိ ကဓဇ ဘဒ္ဒန္တဝေပုလ္လ၊ သက်တော် ၇၀ နှစ်၊ ဝါတော် ၅၀ ဝါသည် နေပြည်တော် ဇမ္ဗူသီရိအထူးကု ဆေးရုံ၌ အဆုပ်ကင်ဆာရောဂါဖြင့် ဆေးကုသမှု ခံယူလျက်ရှိရာမှ ဆရာတော်၏ ရောဂါအခြေ အနေ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် မတ်လ ၂၄ ရက် ည ၁၀ နာရီခွဲက တပည့်၊ ဒါယကာ၊ ဒါယိကာမများက တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ မြို့လယ်သာသနာ့ ဝေပုလ္လစာသင်တိုက်သို့ ပြန်လည်ပင့်ဆောင်ခဲ့ပြီး မတ်လ ၂၅ ရက် နံနက် ၅ နာရီက အဆိုပါ စာသင်တိုက်တွင် ပျံလွန်တော်မူခဲ့သည်။
အဆိုပါဆရာတော်၏ ကြွင်းကျန်သည့် ရုပ်ကလပ်တော်အား ဈာပနကိစ္စဆောင်ရွက်ရန် ညှိနှိုင်း အစည်းအဝေးကို မတ် ၂၆ ရက် နေ့လယ် ၁၂ နာရီက မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသူရဦး၊ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့ နယ်အဆင့်ဌာနဆိုင်ရာများ၊ သာသနာ့ဗိမာန်အဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များ၊ မြို့မခြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး၊ အန္တိမအဂ္ဂိဈာပနကျင်းပရေးနာယက၊ အန္တိမအဂ္ဂိဈာပန ကျင်းပရေးဦးစီး၊ ဆွမ်းဆက်ကပ်ရေးနှင့်ဧည့်ခံကျွေးမွေးရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့်ကြီးကြပ် ထိန်းသိမ်းရေး၊ အခမ်းအနားပြင်ဆင်ရေး၊ လောင်တိုက်ပြင်ဆင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံ ရေး၊ သတင်းနှင့်ပြန်ကြားရေး၊ သံဃာပင့်ဆောင်ရေးနှင့်ကြိုဆိုနေရာချထားရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှုကော်မတီများ အသီးသီးဖွဲ့စည်းခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝေပုလ္လ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားအား အခက်အခဲမရှိအဆင်ပြေ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်