မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ မတ် ၂၆

လူငယ်များကိုယ်ကာယဖွံ့ဖြိုးစေရေး၊ ကျန်းမာကြံ့ခိုင်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်းအချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် မျိုးဆက်သစ်လူငယ်အားကစားသမားကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန့်နေညနေ ၃ နာရီ ဝေဘာဂီ(၃)ရပ်ကွက်၊ ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွဋ်က သင်တန်းဆင်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး  အလေးမသင်တန်းမှ သင်တန်းသား/သူများအား ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦရဲကျော်သူက သင်တန်းဆင်းကဒ်များပေးအပ်ခြင်း၊ လက်ဝှေ့သင်တန်းမှသင်တန်းသား/သူများအား မြို့နယ်အာကစားမှူးဦးအောင်နိုင်ဦးက သင်တန်းဆင်းကဒ်များပေးအပ်ခြင်း၊ တိုက်ကွမ်ဒိုသင်တန်းမှသင်တန်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြမြဝင်းက သင်တန်းဆင်းကဒ်များပေးအပ်ခြင်းနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်၊၊

ဆက်လက်၍ တိုက်ကွမ်ဒို၊ အလေးမ၊ လက်ဝှေ့အားကစားများအား သင်တန်းသား/သူများက သရုပ်ပြသခဲ့ပြီး အခမ်းအနားသို့ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြမြဝင်း(ပြန်/ဆက်)