စလင်း မတ် ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု၊ ပိန္နဲပင်ကျေးရွာတွင် မတ်လ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် (၃၃) လုံး ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ယမန်နေ့ နေ့လည် ၃ နာရီ အချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများသို့ စလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ထောက်ပံ့ရေးပစ္စည်းများဖြစ်သည့် အိမ်ဆောက်အထောက်အကူပစ္စည်း တစ်စုံ၊ မိသားစုသုံးပစ္စည်းနှစ်စုံ၊ ရေသန့်ပုံးတစ်ပုံးတို့ကို စလင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးကြပ်၍ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါ်ကြူမာလွင်၊ တပ်ဖွဲ့မှူး ဦးတင်အောင်မိုး၊ ဦးမင်းအောင်တို့ ဦးဆောင်မှုနှင့်အတူ ဆင်ဖြူကျွန်း ကြက်ခြေနီအသင်းခွဲတပ်ခွဲမှူး ဦးသုထက်အောင်နှင့် တပ်ဖွဲ့ဝင်များက မီးဘေးသင့်အိမ်ထောင်စုဝင်များအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
(မြို့နယ်ပြန်/ဆက်)