ဖျာပုံ မတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန် ထူးချွန်ထက်မြတ်သောလူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က အဆိုပါရုံးခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းဖွင့်လှစ်ရာတွင် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ဖျာပုံမြို့နယ်ပန်းချီအသင်းဝင် ပန်းချီဆရာဦးကျော်လှိုင်က ယခုသင်ကြားပေးသည့်အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို တက်ရောက်ကြသောကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပန်းချီပညာကိုအခြေခံမှစတင်၍ အလွယ်တကူတတ်မြောက်သွားအောင်သင်ကြားပေးမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများကလည်း သင်တန်းကာလအတွင်း ပျက်ရက်မရှိ တက်ရောက် စေလိုကြောင်းပြောကြားသည်။ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းသည် (၂၅-၃-၂၀၂၃)ရက်နေ့မှ (၃၁-၃-၂၀၂၃)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ကြောင်း သိရသည်။
အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)