မြို့သစ် မတ် ၂၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်သည် ယမန်နေ့နံနက်( ၈)နာရီက မြို့သစ်မြို့နယ်လမ်းဦးစီးဌာန၏ ရှင်းလင်းဆောင်သို့ရောက်ရှိ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြို့သစ်မြို့နယ်အတွင်း နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆေးရေးဂိတ်များတွင်တာဝန်ရှိသူများမှ စနစ်တကျစစ်ဆေးဆောင်ရွက်ရန်လိုကြောင်း၊ မြို့နယ်အတွင်းလိုင်စင်မဲ့မော်တော်ယာဥ်များ မကျန်ရှိစေရေးစစ်ဆေးဆောင်ရွက်ရန်လိုကြောင်း၊ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများကွင်းဆင်းရာတွင် နယ်မြေအေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မြို့နယ်လဝကမှအိမ်ထောင်စုလူဦးရေစစ်ဆေးခြင်း၊ မှတ်ပုံတင်ရှိ/မရှိ၊အိမ်ထောင်စုစာရင်းရှိ/မရှိစစ်ဆေးဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူများစိုက်ပျိုးရေးအဆင်ပြေစေရန်အတွက် မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေး၊မျိုးလိုအပ်ချက်၊ မြေပြုပြင်ခြင်းနှင့်နည်းပညာပေးခြင်းများကွင်းဆင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ နွေစပါးတွင်တစ်ဧကတင်း(၁၀၀) ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရန်လိုကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင်တောင်သူများ စိုက်ပျိုးရေလုံလောက်စွာရရှိရေးဆောင်ရွက်ပေးရန်လိုကြောင်း၊ မွေးမြူရေးတွင်နွားများကိုလွှတ်ကျောင်းစနစ်ဖြင့် မွေးမြူခြင်းမဟုတ်ဘဲအစုလိုက်အဖွဲ့လိုက်ပေါင်းစည်းပြီး ခြံဖြင့်မွေးမြူသည့်စနစ်လုပ်ဖို့လိုကြောင်း၊ ဥစားကြက်များမွေးမြူရန်လိုကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်နိုင်ပြီး KG+9 အထိ သင်ယူတတ်မြောက်ဖို့လိုကြောင်း၊ နွေရာသီတွင်ကျောင်းသား၊ ကျောင်းသူများအချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးအတွက် အားကစားသင်တန်းများ၊ အခြေခံရှေးဦးပြုစုနည်းသင်တန်း၊ မီးငြှိမ်းသတ်နည်းသင်တန်း၊ ကင်းထောက်သင်တန်း၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ယဥ်ကျေးလိမ္မာသင်တန်းနှင့် အင်္ဂလိပ်စကားပြောသင်တန်းအစရှိသည့်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရန်လိုကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှမြို့သာယာလှပရေး၊ သန့်ရှင်းရေးနှင့်မြို့တွင်းရေမြောင်းများတွင်ရေမဝပ်အောင်၊ ရေစီးရေလာကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့်(နေပြည်တော်-တောင်ညို-မြို့သစ်ကန်ပြား(မကွေး)လမ်းပိုင်းတွင် လမ်းအကျယ်ပေထားရှိမှု၊ ကတ္တရာလမ်းချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ မေးမြန်းရာလမ်းဦးစီးဌာနမှတာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်မှုအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)