ကသာမြို့ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲစာဖြေ ဆရာတော်များနှင့်သံဃာတော်များအား နေ့ဆွမ်းနှင့်အာဟာရဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်း

ကသာ မတ်  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၏ အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြသည့် စာဖြေသံဃာတော်များနှင့် သီလရှင်များ၊ စာမေးပွဲကြီးကြပ်ဆရာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းနှင့်အာဟာရအားဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက်(၅)နာရီအချိန်မှစ၍ ကသာမြို့ ဓမ္မပါလပရိယတ္တိ စာသင်တိုက်၌ ပြုလုပ်ခဲ့သည်။

အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို လာရောက်ဖြေဆိုကြသည့် ဆရာတော်၊ သံဃာတော်များအား ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ ဦးဆောင်ပြီး ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဧည့်ပရိတ်သတ်များက ဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား နဝကမ္မဝတ္တုအလှူငွေနှင့် အာဟာရဖြည့်အချိုရည်၊ ရေသန့်ဘူးများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၀)ရက်နေ့မှစ၍ ကျင်းပခဲ့ပြီး အစိုးရဓမ္မာစရိယစာမေးပွဲတွင် စာဖြေသံဃာတော်၊ သီလရှင် စုစုပေါင်း(၆၈)ပါး၊ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျော်စွာ(ကသာ)