ဒေးဒရဲမြို့၌ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ(၂၀၂၂) အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ဒေးဒရဲ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြိုနယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဒေးဒရဲမြို့နယ်အတွင်း မှတ်ပုံတင်ထားရှိသော အသင်းအဖွဲ့များအားအသင်း အဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (၂၀၂၂)နှင့် အကြမ်းဖက်မှုများကို ငွေကြေးထောက် ပံ့ရာတွင် NPO များကို အလွဲသုံးစားပြုခြင်းဆိုင်ရာကိစ္စရပ်များကို အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်စားအဖွဲ့အတွင်းရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အသင်းအဖွဲ့မှတ်ပုံ တင်ခြင်းဆိုင်ရာ ဥပဒေ(၂၀၂၂)နှင့်ပတ်သက်၍ သိကောင်းစရာများနှင့် အကြမ်းဖက်မှုနှင့် ပရဟိတ အသင်းများအနေဖြင့် အကြမ်းဖက်မှုများအား ငွေကြေးထောက်ပံ့မှုမရှိစေရေးကိစ္စရပ်များအား အသိပညာပေးဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များအား ပြန်လည်မေးမြန်း ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့က အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူးနှင့် ဒေးဒရဲမြို့နယ်အတွင်း မှတ်ပုံတင်ထားရှိသောအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း