မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ကော်မတီ၀င်များနှင့်တွေ့ဆုံ

မော်လမြိုင် မတ်  ၂၄

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဥပဒေဆိုင်ရာအထောက် အကူပေးရေးအဖွဲ့ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မော်လမြိုင်မြို့နယ်စုပေါင်းရုံး၊ စတုတ္ထထပ်ရှိ မွန်ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်အောင်၊ မွန်ပြည်နယ်အတွင်းရှိ (၁၀)မြို့နယ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့သည်။

အခမ်းအနားတွင်  မွန်ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးညီညီစိုးကအဖွင့် အမှာစကားပြောကြားရာတွင် ဥပဒေဆိုင်ရာ အထောက်အကူ ပေးရေးအဖွဲ့များကို ၂၀၁၆ခုနှစ်၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေနှင့်အညီ ဖွဲ့စည်းတာဝန်ပေးအပ် ထားခြင်းဖြစ်ပါ ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေပါ ရည် ရွယ်ချက်များအတိုင်း အကောင်အထည် ဖော်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေများကို အများပြည်သူ သိရှိနားလည် သဘောပေါက်စေပြီး ပါဝင်လာကြစေရန်အတွက်လည်း ပညာပေးလုပ်ငန်းများကို ကြိုးပမ်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခင်အောင်မှ (၆)လ တာကာလအတွင်း မြို့နယ်အဖွဲ့များအတွက် ရုံးခန်းဖွင့်လှစ်ပေးနိုင်မှု၊ ရုံးမြေနေရာရရှိရေး ဆောင်ရွက်ပေးနိုင်မှု၊ အစည်းအဝေးများကျင်းပနိုင်မှု၊ အခြားဌာနဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများအပြင် ခရိုင်/ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့များသို့ ကြီးကြပ်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ ပြည်နယ်အဖွဲ့နှင့် မြို့နယ်အဖွဲ့များကို စတင်ဖွဲ့စည်းခဲ့သည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် အမှုများကို အခမဲ့ရှေ့နေလိုက်ပါဆောင်ရွက်ခဲ့ရာ ပြီးပြတ်မှု ၈၂ မှု၊ လိုက်ပါဆောင်ရွက်ဆဲ အမှုလက်ကျန် (၆၇)မှုရှိကြောင်း တင်ပြခဲ့ပြီး ခရိုင်/မြို့နယ်အဖွဲ့များမှလည်း မြို့နယ်အလိုက် လုပ်ငန်း ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ ခရိုင်/မြို့နယ် ဥပဒေအထောက်အကူပြုအဖွဲ့များသို့ ဥပဒေစာအုပ်များပေးအပ်ခဲ့ပြီး မွန်ပြည်နယ် တရားလွှတ်တော်၊ တရားသူကြီးချုပ်မှ နိဂုံးချုပ်လမ်းညွှန် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)