ကြို့ပင်ကောက် မတ် ၂၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ တမံဆည်ကျေးရွာ တောင်သူဦးသိန်းထွန်း၏လယ် ၁၀ ဧကတွင် ရက် ၉၀ ထိုင်းနှံကောက် စပါးမျိုးအား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲကို မတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းကဆောင်ရွက်ခဲ့သည်။
ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသည် လယ်တစ်ဧကအတွက် မျိုးစပါး တစ်တင်းခန့်သာကုန်ကျ၍ ကုန်ကျမှုသက်သာခြင်း တစ်ဧကလျှင် နာရီဝက်ခန့်သာစိုက်ပျိုးချိန်ကြာခြင်း ပေါင်းမြက်ရှင်လင်းရန် လွယ်ကူခြင်းလေဝင်လေထွက်ကောင်းမွန်၍ ပင်ပွားနှုန်းကောင်းပြီး စပါးထွက်နှုန်းပိုများခြင်း လုပ်သားအင်အားလျော့ချနိုင်ကြောင်းစသောအကျိုးကျေးဇူးများရရှိနိုင်ကြောင်း စပါးကျဲခင်းများတွင် မျိုးနှစ်တင်းကျော်ကျော်ကုန်ကျပြီး ပေါင်းမြက်ရှင်းလင်းရန်ခက်ခဲခြင်း လေဝင်လေထွက်မကောင်းခြင်း ပင်ပွားနှုန်းနဲခြင်းတို့ကြောင့် ပေါင်းသတ်ဆေးများစွာ အသုံးပြုရသောကြောင့်လယ်မြေပျက်စီး ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးကျော်ဝင်းက ပြောသည်။
တောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လယ်ယာမြေပြုပြင်ခြင်းမှ ရိတ်သိမ်းခြွေလှေ့ချိန်အထိ လိုအပ်သောအကူအညီများအား မြို့နယ်စက်မှုလယ်ယာဦးစီးဌာနသို့ ဆက်သွယ် အကူအညီတောင်ခံနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)