ပြည်မြို့တွင် ခရိုင်အဆင့် အေရိုးဗစ်နည်းပြ ဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ

ပြည် မတ် ၂၄

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ခရိုင်အဆင့် အေရိုးဗစ်နည်းပြ ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၃နာရီက ခရိုင်ပြည်သူ့ အားကစားကွင်း မိုးလုံလေလုံအားကစားရုံ၌ ကျင်းပရာ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အားကစားမှူးနှင့်မြို့နယ်အားကစားမှူးများ၊ နည်းပြဆရာမနှင့်သင်တန်းသား၊ သင်တန်းသူများတက်ရောက်သည်။

အခမ်းအနားတွင် ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးသန့်က " ပြည်ခရိုင်အတွင်း အေရိုးဗစ်အားကစားနည်း တိုးတက်လာစေရန်နှင့် အရည်အသွေးရှိသော နည်းပြများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အေရိုးဗစ်ကစားနည်းကကျန်းမာရေးအတွက်များစွာ အထောက်အကူဖြစ်စေပြီး အမျိုးသမီးများသာမက အမျိုးသားများပါ လိုက်ပါဆောင်ရွက်နိုင်သော လေ့ ကျင့်ခန်းဖြစ်ကြောင်း၊  သင်တန်းအတွက် အဘက်ဘက်မှ ပါဝင်ကူညီဆောင်ရွက်ပေးကြသော ပညာရေးဌာနမှ သင်တန်းနည်းပြဆရာမနှင့် သင်တန်းသား၊သင်တန်းသူများအားလုံးကို ကျေးဇူးတင် ရှိကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ ရရှိသောပညာများကို မိမိတို့မြို့နယ်များတွင် ပြန်လည်မျှဝေသင်ကြားရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း"ဖြင့် သင်တန်းဆင်းအမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက သင်တန်းနည်းပြဆရာမအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူများအတွက် သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးကလက်ခံရယူသည်။ ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက အေရိုးဗစ်လေ့ကျင့်ခန်း တစ်ကိုယ်တော်သရုပ်ပြခြင်းနှင့် (၉)ယောက်တွဲ သရုပ်ဖော်ပြ သခြင်းတို့ လက်တွေသရုပ်ဖော်ပြသခဲ့ကြပြီး ၎င်းတို့အား ခရိုင်နှင့်မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့များက ခွန်အားဖြည့်အချိုရည်နှင့် အစားအသောက်များ ဝေငှပေးအပ်ကြ သည်။

အဆိုပါသင်တန်းကို ယခုလ ၂၀ရက်နေ့မှ ၂၄ရက်နေ့အထိ  သင်တန်းကာလ ငါးရက် ကြာဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ ပြည်ခရိုင်အတွင်း ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်းနှင့်ရွှေတောင်မြို့နယ်တို့မှ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ   ၂၀ တက်ရောက်ပြီး ယင်းသင်တန်းသား၊ သင်တန်းသူများက အေရိုးဗစ်‌လေ့ကျင်ခန်း ပညာကို ၎င်းတို့မြို့နယ်များရှိ အမျိုးသား/အမျိုးသမီး လူငယ်လူရွယ်၊ ဝါသနာရှင်များအား ဆက်လက်သင်ကြားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှသိရသည်။

ကိုဆက်(ပြန်/ဆက်)