ရေး မတ် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရေးမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက် မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးအဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်းက သင်တန်းဆင်းအမှာစကားပြောကြားရာ နိုင်ငံတော်အစိုးရမှနယ်စပ်ဒေသမှာနေထိုင်ကြသော တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်အတွက် စက်မှုလက်မှုပညာ သင်တန်းကျောင်းများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူများအနေဖြင့် ယခုဒီသင်တန်းဆင်းပြီးပါက မိမိတို့ ဒေသတွင်း အလုပ် အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်းပြောကြားပြီးနောက် သင်တန်းဒုကျောင်းအုပ်မှ သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများကို power point ဖြင့် ရှင်းလင်း ပြသခဲ့သည်။
ထို့နောက် သင်တန်းတွင် ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းမင်း၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းမှ သင်တန်းသူများ ချုပ်လုပ်ထား သည့် အဝတ်အထည်များကို လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်၊ (ပြန်/ဆက်)