ပုသိမ် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အဂတိလိုက်စားမှုသည် လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမို ကျယ်ဝန်းပြီး အဂတိလိုက်စားမှုဆိုသည်မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသူက ဆုံးဖြတ်ပိုင်ခွင့်ကို အသုံးပြုရာ တွင် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အတွက် အဂတိလိုက်စားမှု ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း၊ အဂတိလိုက်စားမှုများကို ဘက်ပေါင်းစုံမှ ပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ရာမှာ စာသင်ကျောင်းများသည် လူ့ဘောင်အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အတွက် ဆရာ ဆရာမများအနေနဲ့ ကျောင်းသား/သူများကို ပညာသင်ကြားရာမှာ အမျိုးသားရေးတာဝန်တစ်ရပ် အနေနဲ့ ထည့်သွင်းသင်ကြားပြသပေးနိုင်ရန် ယခုလိုပညာပေး ဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူး ဦးတင်လှိုင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့အား ကျေးဇူးတင် စကားပြောကြားကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးလွင်ဦးက အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဆိုင်ရာ အသိပညာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးလွင်ဦး၊ အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းပညာရေးမှူး ဦးတင်လှိုင်၊ ဘာသာရပ်သင် ဆရာ/ဆရာမကြီး များအင်အား (၃၀၀) ကျော်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန်