ရန်ကင်း မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကျောင်းသား/သူ၊ လူငယ်လူရွယ်များ မိတ်ကောင်းဆွေကောင်းနှင့် ပေါင်းသင်းတတ်ပြီး အနာဂတ်ဘဝများ လှပစေရေးအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀:၀၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က လူတစ်ဦးချင်းစီ၏ ဘဝတွင်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ရပ်တည်မှုတွင်လည်းကောင်း မိတ်ဆွေကောင်းနှင့် ပေါင်းသင်းဆက်ဆံရခြင်းသည် လွန်စွာကောင်းကျိုးတိုးပွားဖွယ်ဖြစ်ကြောင်း၊ မိတ်ဆွေကောင်းဆိုသည်မှာ စိတ်စေတနာပြည့်ဝစွာဖြင့် ကူညီပေးတတ်သူဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမမြမဥ္ဇူဝေ(ကျုံမငေး)က လူအချင်းချင်း မေတ္တာတရားဖြင့် ပေါင်းသင်းဆက်ဆံခြင်းသည် မင်္ဂလာတရားတော်နှင့်ကိုက်ညီမှုရှိကြောင်း၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားသည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတကာနှင့်ဆက်ဆံရာတွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ဆက်ဆံလျက်ရှိသောကြောင့် အခက်အခဲမှန်သမျှ ကျော်လွှားနိုင်ခဲ့ရာ အနာဂတ်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ရပ်တည်လျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အသိပညာပေးအစီအစဉ်များကို ရန်ကင်းမြို့နယ်တွင် လစဉ်ကျင်းပပေးသွားမည်ဖြစ်ပြီး၊ We Love Yankin Face Page နှင့် ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ရာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း မြို့နယ်ဦးစီးမှူးမှ အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)