ချမ်းမြသာစည် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ရန်ကုန်/မန္တလေး ကားလမ်းနှင့် ၇၃ လမ်းကြား၊ ၁၀၁ လမ်း(သိပ္ပံလမ်း)၊ ဆင်ဖြူကန်ကွင်းတွင် APAC (Asia -Pacific Automaker Corp) Co.Ltd မှ ဖွင့်လှစ်သော လျှပ်စစ်ကား ဓာတ်အားသွင်းရုံဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စည်ပင်သာယာရေးရာဝန်ကြီး မြို့တော်ဝန် ဦးကျော်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် APAC (Asia -Pacific Automaker Corp) Co.Ltdမှ CEO(မန်နေဂျာ) ဦးနောင်လတ်က ကျေးဇူးတင်စကားပြောကြားခြင်းနှင့်အတူ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး APAC EV Charging Station (MDY01- ၁၀၁လမ်း/ သိပ္ပံလမ်း၊ ဆင်ဖြူကန်) အား တာ၀န်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းမှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး EV Charging Pails များနှင့် ကားများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်၊ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်၊ APAC (Asia -Pacific Automaker Corp) co.ltd မှ CEO (မန်နေဂျာ) ဦးနောင်လတ်နှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်စိမ်းဝင်း(မြို့နယ်ပြန်/ဆက်)