ကမ္ဘာ့ရေသယံဇာတနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပ

ကော့မှူး မတ် ၂၄

ကမ္ဘာ့ရေသယံဇာတနေ့အကြောင်း အသိပညာပေး Talk Show ကိုယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာခြည်စိမ့်က ၂၀၂၃ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ရေသယံဇာတနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများအား လူငယ်လူရွယ်များအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Talk Show များ အစဥ်အမြဲကျင်းပပေး‌နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ဝင်ဒေါ်တင်သန်းက ရှေးနှစ်ပေါင်းများစွာ ကမ္ဘာတည်သည့် အချိန်မှစ၍ ယနေ့တိုင်အောင် လူသားနှင့်သက်ရှိကမ္ဘာကို ရေ၏အကျိုးသက်ရောက်မှုပြုပုံများ၊ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်တွင် ရေချိုနှင့်ရေငန်၏ တည်ရှိနေမှုရာခိုင်နှုန်းများ၊ တစ်ကမ္ဘာလုံး ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လူသားတို့၏ ပြုမှုလုပ်ဆောင်မှုများကြောင့် တန်ဖိုးရှိသော ရေသယံဇာတများနှင့် ဂေဟစနစ်များ ထိခိုက်ဆုံးရှုံးရခြင်းများ၊ သက်ရှိများအားလုံးအတွက် တန်ဖိုးရှိသော ရေသယံဇာတများအား ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် နည်းစနစ်တကျ စီမံခန့်ခွဲ၍ အသုံးပြုခြင်း နည်းလမ်းကောင်းများ၊ လူသားတို့၏ ကိုယ်ခန္ဓာတွင် ရေဓာတ်ပါဝင်မှုနှင့် ခန္ဓာကိုယ်အတွင်း ရေ၏အလုပ်လုပ်ပုံများနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ ကော့မှူး