လှိုင်သာယာ(အနောက်ပိုင်း) မတ်လ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ရပ်ကွက်/ ကျေးရွာ စံညီစာကြည့်တိုက်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းသည့် စာအုပ်များအား ထပ်ဆင့်လှူဒါန်းပွဲကို ယနေ့ နံနက်(၁၀း၀၀)နာရီအချိန်ကပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးမြင့်ဇော်က လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များအား စံညီ စာကြည့်တိုက်များဖြစ်အောင် ဝိုင်းဝန်းကူညီကြရန်၊ ရပ်/ ကျေး စာကြည့်တိုက်မှူးများကလဲ မိမိတို့ စာကြည့်တိုက်ကို တိုးတက်ကောင်းမွန်သောစာကြည့်တိုက်ဖြစ်လာအောင် ကြိုးစားဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လှိုင်သာဘာ(အနောက်ပိုင်း)မြို့နယ် စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းမင်းသိုက်က ရပ်/ ကျေးစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အဖက်ဖက်မှ ပါဝင်ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စာကြည့်တိုက်အတွက် လိုအပ်သောစာအုပ် စာစောင်များအား စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီအဖွဲ့မှ အခါအားလျှော်စွာ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စံညီစာကြည့်တိုက်များဖြစ်သော ကံလှကျေးရွာမှ ပညာတံခွန်စာကြည့်တိုက်၊ အမှတ်(၉)ရပ်ကွက်မှ နဝရတ်စာကြည့်တိုက်နှင့် အမှတ်(၂၀)ရပ်ကွက်မှ လမ်းပြကြယ်စာကြည့်တိုက်တို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် စာကြည့်တိုက်တစ်တိုက်လျှင်(၁၁၅)အုပ်အား ထပ်ဆင့်လှူဒါန်းပွဲပြုလုပ်ခဲ့ပြီး အမှတ်(၁၁)ရပ်ကွက်မှ အလင်းသစ်စာကြည့်တိုက်အား လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီအဖွဲ့မှ စာအုပ်/ စာစောင် (၁၀၀)အုပ်အား လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဇော် (ပြန်/ ဆက်)