ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသား လူငယ်များအတွက် အထွေထွေဗဟုသုတဆိုင်ရာ ဟောပြောဆွေးနွေးပွဲများ ကျင်းပ

ပြင်ဦးလွင် မတ် ၂၄

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေလှေကား စာပေ၊ ဂီတ အထွေထွေဗဟုသုတပြန့်ပွားရေးကွန်ယက်တို့ ပူးပေါင်းကာ လူငယ်များ ဗလငါးတန် ပြည့်စုံစေရေး စာဖတ်ရှိန် မြှင့်တင်စေရေးနှင့် စာပေ၊ ဂီတ၊ အထွေထွေ ဗဟုသုတများ တိုးတက်ရရှိစေရေး ရည်ရွယ်၍ အထွေထွေ ဗဟုသုတဆိုင်ရာ ဟောပြောဆွေးနွေးပွဲများကို ယနေ့ နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ဆွေးနွေးဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး နည်းပညာသစ်များနှင့် နည်းပညာ၏ကောင်းကျိုးဆိုးကျိုးများအား လည်းကောင်း၊ မိုးမှိုင်း (ပြင်ဦးလွင်)က လူနှင့်လူပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေး ဆိုင်ရာများအား ဆွေးနွေး ပြောကြားကာ ဦးအောင်သူက ယဉ်ကျေးလိမ္မာရေးဆိုင်ရာ သိကောင်းစရာများအား အသီးသီး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးဟောပြောပွဲများအား ၂၀၂၃ ခုနှစ် ၊ မတ်လ (၁၆) ရက် မှ ဧပြီလ (၇) ရက်နေ့အထိ အပတ်စဉ် ကြာသပတေးနေ့နှင့် သောကြာနေ့တိုင်း နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုသွားမည်ဖြစ်ပြီး ဆွေးနွေးဟောပြောပွဲများအား ကျောင်းသား၊ လူငယ်များ ပါဝင်တက်ရောက်ခြင်းဖြင့် စာပေ၊ ဂီတ ၊ ပန်းချီ ၊ အားကစား ၊ သုတ/ရသ စာပေဆိုင်ရာများ၊ ယဉ်ကျေးမှု၊ လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာများ၊ နည်းပညာနှင့် သတင်းအချက်အလက်ဆိုင်ရာများ၊ ကျန်းမာရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မြန်မာစာ၊ မြန်မာစကားနှင့် ကလေးသူငယ်ဆိုင်ရာ အထွေထွေသိမှတ်ဖွယ်ရာများ စသည်တို့အား ရင်းနှီးနားလည်သိကျွမ်းစေမည်ဖြစ်ပြီး သက်ဆိုင်ရာ ဘာသာရပ်အလိုက် မိမိတို့စိတ်ဝင်စားရာ ဘာသာရပ်များကို ထပ်မံတက်ရောက်နိုင်ရန် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အရေးများလည်း ရရှိစေမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကျောင်းသားလူငယ်များ အချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ခြင်း အစီအစဉ် များအပြင် ဦးဆောင်နွေးနွေးသူများနှင့် ကျောင်းသား /သူများ အပြန်အလှန် မေးမြန်း/ဖြေကြား ပေးမည့် အစီအစဉ်များဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကျောင်းသားလူငယ် များအတွက် နွေရာသီကျောင်းပိတ်ရက်အတွင်း အထွေထွေ ဗဟုသုတများ တိုးပွားလာစေမည် ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)