ဂန့်ဂေါမြို့နယ် ရှုံးရှီရွာ ရာဇမုနိစေတီတော်တွင် ဘက်စုံမွမ်းမံမှုများ ဆောင်ရွက်ထား

ဂန့်ဂေါ မတ် ၂၄

ဂန့်ဂေါမြို့နယ် ရှုံးရှီရွာ ရာဇမုနိဓာတ်တော်ရှင်စေတီတော်ကို ကိုဗစ်-၁၉ ကာလများတွင် ဘုရားဖူးများ ပိတ်ထားခဲ့ပြီး ယခုအခါ၌ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်းနှင့် သာသနိက အဆောက်အအုံများ ဆောက်လုပ်ခြင်း အပါအဝင် စေတီတော်ကုန်းတော်၌ ဘက်စုံ မွမ်းမံပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်ထားကြောင်း သိရသည်။

စေတီတော်ကို ရွာ၏အနောက်ဘက် အဘယဂီရိ ကုန်းမြေတွင်တည်ထား၍ ဉာဏ်တော်အမြင့် ၃၅ တောင် ၁၆ လက်မရှိပြီး ဘက်စုံမွမ်းမံမှုများကို တည်ဆောက်လျက်ရှိရာ မြတ်ပိဋကတ် စာကြည့်တိုက်၊ နှစ်ကျိပ်ရှစ်ဆူဘုရား၊ မြတ်စွာဘုရားဓမ္မစကြာ တရားဦးဟောတော်မူပုံ၊ ရှင်ဥပဂုတ္ထမထေရ်၊ သုမေဓာရှင်ရသေ့ဘုရားဆုပန်ပုံ၊ အနာမဲ့သူရှင်ဗာကုလမထေရ်၊ ရှင်အရဟံမထေရ်၊ ရှင်သီဝလိ မထေရ်၊ သားတော်ရာဟုလာအမွေတောင်းပုံ စသည့် ရုပ်ပွါးတော်၊ ဆင်းထုတော်များ တည်ဆောက်ပြုပြင်ထားသည်။

ထို့ပြင် စေတီတော်ကြီး၏ အရှေ့ဘက်ကုန်းအတက်စောင်းတန်း၏  လက်ဝဲလကျ်ာဘက်တို့တွင် ဂေါတမ မြတ်စွာဘုရား၏ သံဝေဇနိယလေးဌာန၊ မြတ်စွာဘုရားနှင့် ရဟန္တာ ၂၄ ပါးတို့ ဒေသစာရီကြွချီတော်မူပုံ၊ ဘုရားအလောင်းတော် ဆံတော်ပယ်ပုံ၊ ဒုက္ကရစရိယာကျင့်ပုံ၊ ပဉ္စသိင်္ခနတ်သားက ဘုရားလောင်းအား ဗေဠုဝစောင်းတီး၍ ပူဇော်နေပုံ၊ ကျိုက်ထီးရိုးစေတီပုံတူ နှင့် အုတ်နံရံတွင် လက်ရာမြောက် ဗုဒ္ဓဝင် ပန်းချီကားကြီးများကိုပါ ပြုပြင်ထားရာ ဘုရားဖူးပြည်သူများ လေ့လာကြည့်ရှုဖူးမျှော်နိုင်ကြသည်။

စေတီတော်ကို ၁၉၉၇ ခုနှစ်က ဆရာတော် သံဃာတော်များ၏ သြဝါဒကိုခံယူလျက် ရွာသူရွာသားများနှင့် အများကောင်းမှုဖြင့် စတင်တည်ထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စေတီတော် ပုရိဝုဏ်ရှိ ဗောဓိညောင်ပင်မှာ ရှုံးရှီကျေးရွာတွင် ၁၉၉၈ ခုနှစ်က ဂန့်ဂေါမြို့နယ်၏ ဗုဒ္ဓအဆုံးအမခံယူပွဲပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် ထိုစဉ်က တာဝန်ထမ်းဆောင်ခဲ့သော အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဗုဒ္ဓအဆုံးအမခံယူပွဲ အထိမ်းအမှတ် ခံယူပွဲ အထိမ်းအမှတ်အဖြစ် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့တိုင် အကိုင်းအခက် အရွက်များဖြင့် ရှင်သန်ဝေဆာလျက်ရှိနေကြောင်း သိရသည်။

တောင်သားမောင်သန်း