တာချီလိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

တာချီလိတ် မတ် ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် ၃ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် စစ်ဗျူဟာအခြေချ (တာချီလိတ်)မှ ဗိုလ်မှူးကြီး မင်းမင်းထွန်းက အိမ်တွင်းမှုသင်တန်းများ သင်ကြားဖွင့်လှစ်ခြင်းအတွက် လုပ်ကွက်စွမ်းအားများရရှိပြီး စားဝတ်နေရေး ဘက်စုံဖွံ့ဖြိုးတိုးတက်၍ လူနေမှုအဆင့်တန်းမြှင့်မားလာစေရန်၊ တိုင်းချစ် ပြည်ချစ် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်စေသော အမျိုးသမီးများဖြစ်လာစေရန်၊ အမျိုးဂုဏ် ဇာတိဂုဏ် စောင့်ထိန်းသည့် အကျင့်စာရိတ္တ ကောင်းမွန်သော အမျိုးသမီးများ ဖြစ်ပေါ်လာစေရန်၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သင်တန်းသူများအနေဖြင့် မိမိကိုယ်ပိုင် တတ်မြောက်ထားသည့် ပညာရပ်များဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ခြင်းနှင့် နိုင်ငံတော်အတွက် ပညာရပ်များကို အခြေခံပြီး မိသားစုဝင်ငွေတိုးစေမည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများတွင် ခိုင်မာစွာ ရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရန်၊ နိုင်ငံတော် ဖွံ့ဖြိုးမှုများကို အထောက်အကူပြုစေမည့် အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ ဖြစ်သည်အထိ ကြိုးစားသွားကြရန်နှင့် မိမိ၏အကျိုး၊ မိမိပတ်ဝန်းကျင်အကျိုး၊ ပြည်ထောင်စုကြီး၏ အကျိုးကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်ယဉ်ယဉ်ထွေးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များနှင့် သင်တန်းတွင်း ပို့ချသင်ကြားမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် ၃ သင်တန်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှ  ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့အထိ ၂၂ ပတ်ကြာ ဖွင့်လှစ် သင်ကြားခဲ့ပြီး သင်တန်းတွင် သင်တန်းထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား စစ်ဗျူဟာအခြေချ (တာချီလိတ်)မှ ဗိုလ်မှူးကြီး မင်းမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းနှင့် သင်တန်းသူ ၃၀ ဦးအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသူတစ်ဦးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

  ကျော်ဇေယျာလင်း (ပြန်/ဆက်)