ဆီဆိုင်မြို့နယ်၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

 ဆီဆိုင် မတ်   ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ လွိုင်ကော်ကျောင်းခွဲ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးခွန်လှသိန်းက စက်ချုပ်နည်းပညာတွေဟာ အချိန်နဲ့အမျှမြန်ဆန်တိုးတက်နေတဲ့အတွက် သင်တန်းကျောင်းမှ သင်ကြားပေးလိုက်သော နည်းပညာများကို ရပ်တန့်မထားဘဲ ခေတ်နှင့်အညီ အမြဲတမ်းကြိုးစားပြီး လေ့လာတီထွင်လုပ်ကိုင်ဆောင်ရွက်ကြရန်၊ မိမိတို့ဒေသမှာ တီထွင်ကြံဆမှုများနဲ့ ကိုယ်စွမ်းကိုယ်စများကိုထုတ်ဖော်ပြီး အောင်မြင်တဲ့လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေကြောင်း အမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူအား ဆုချီးမြှင့်ပေးအပ်သည်။ ထို့နောက်  အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်  ဒေါ်ခင်စန်းဝင်းက သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ရာ သင်တန်းသူတစ်တစ်ဦးမှ လက်ခံရယူပြီး သင်တန်းသူများ၏ကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများ၊ ခေတ်မီဒီဇိုင်းလက်ရာများကို ကြည့်ရှုခဲ့ကြပြီး  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးရွှေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များက သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်း၌ သင်တန်းသူ (၃၅) ၂၅-၁၀-၂၀၂၂ ရက်နေ့မှ ၂၄-၃-၂၀၂၃ ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးခဲ့ကြာင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)