မက်မန်းမြို့၌ မင်းရန်အောင်စေတီတော်မြတ်ကြီး၏ (၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ကျင်းပပြုလုပ်သည့်  အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်

မက်မန်း မတ် ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၏ ကျက်သရေဆောင် မင်းရန်အောင်စေတီတော်မြတ်ကြီး၏ (၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ကျင်းပပြုလုပ်သည့် အသံမစဲမဟာပဋ္ဌာန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၈ နာရီအချိန်က စေတီတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းနားတွင် မက်မန်းမြို့ ပညာဒီပကျောင်းတိုက်မှ ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တစန္ဒာသီရိ အမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့ထံမှ ဧည့်ပရိတ်သတ်များက ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များချီးမြှင့်ခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးထွန်းလင်းအောင်မှ မဟာပဋ္ဌာန်းကျမ်းမြတ်ကြီးအား ဆက်ကပ်လှူဒါန်းခြင်း၊ ဝတ်အသင်းအဖွဲ့များမှဝတ်ရွတ်စဉ်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး နံနက် ၉ နာရီအချိန်တွင် သံဃာတော်အရှင်သူမြတ်တို့မှ မဟာပဌာန်းပစ္စ ယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသအား စတင်ရွတ်ဖတ်ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ/ မြို့ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ တက်ရောက်ပူဇော်ခဲ့ကြပြီး အသံမစဲမဟာပဋ္ဌာန်းပွဲအား မတ်လ ၂၄ရက်နေ့မှ ၂၆ ရက်နေ့ အထိ ရွတ်ဖတ် ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးဝင်းစိုး(ခရိုင်၊ပြန်/ဆက်)