ဇမ္ဗူသီရိ မတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် ကျန်ရှိနေသော မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်များ ပြုလုပ်ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်က ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများက သိရှိလိုသည်များကိုမေးမြန်းရာ ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်း နေထိုင်သူ အသက်(၁၀) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသည့် နိုင်ငံသားတို့၏ (Biographic Data)နှင့် (Biometric Data) များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြုလုပ်ရန်ကျန်ရှိနေသည့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)