ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားပြုလုပ်

ကော့သောင်း  မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မတ်လ ၁၉ ရက်နေ့မှ ယနေ့ထိ (၅)ည (၆)ရက်တိုင်တိုင်ပြုလုပ်ကျင်းပခဲ့သော ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာ ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ ဗိမာန်တော်တွင် ပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့်ဩဝါဒါစရိယနာယက ဆရာတော်ကြီးများ၊ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးအောင်သက်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားကိုနမောတဿ (၃)ကြိမ် ဘုရားကန်တော့ရွတ်ဆို၍ ဖွင့်လှစ်ပြီး ပရိသတ်တို့ကဩကာသ ကန်တော့ချိုးဖြင့် ရွတ်ဆိုကန်တော့ပြီး ရွှေပြည်သာဆရာတော်အရှင်သူမြတ်ထံမှ သရဏဂုံ နှင့်ငါးပါးသီလ တော်မြတ်တို့ကို ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက်ဆရာတော်ရှင်သူမြတ်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူခဲ့ကြပြီး  ချောင်းဝဆရာတော်အရှင်သူမြတ်မှ အနုမော ဒနာဂါထာဖြင့်ရွတ်ဖတ် ပူဇော်သည်။ပဋ္ဌာန်းပွဲအလှူတော်အတွက် ဗိုလ်မှူးကြီးအောင်သက် ဦးနှင့်ဇနီးမှ အလှူတော်ငွေ ငါးသိန်းကျပ်နှင့်ကော့သောင်းတပ်နယ်မိသားစုတို့မှ အလှူငွေများအား ရွှေပြည်သာဆရာတော်အား ဆက်ကပ်ပြီး တာဝန်ရှိသူများကဆရာတော် အရှင်သူမြတ်များနှင့် ပဌာန ဘာဏကသံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်ခဲ့ကြသည်။

ယင်းနောက် ရွှေပြည်သာဆရာတော်မှ ပဋ္ဌာန်းဒေသနာတော် ဖြစ်ပေါ်လာခြင်းနှင့် ပဋ္ဌာန်းတရားနာယူ ခြင်း အကျိုးကြီးမားပုံစသည့် ပဋ္ဌာန်းအနုမောဒနာတရားဟောကြားပြီး တရားနာဧည့်ပရိသတ်တို့က ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ထို့နောက်ရွှေပါရမီကျောင်းဆရာတော်က သမ္မာဒေဝနတ် ဗြဟ္မာတို့အားနတ်ပို့ ဂါထာတော်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပြီးအောင်စည်အောင်မောင်း (၉)ခေါက်တီးကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)