မိတ္ထီလာ မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည် ဆည်ကုန်းကျေးရွာ 1000LPH(RO System )ရေသန့်စင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါ ကျေးရွာရှိ 1000LPHရေသန့်စင်စက်ရုံရှေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးထွန်းမင်းလွင်က ဆည်ကုန်းကျေးရွာမှာ ရေရှားပါးတဲ့အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ၃လက်မ ပီဗွီစီပေါင်းတွင်း (၅)တွင်း၊ ဂါလံ ၂၄၀၀ဆံ့ ရေစင်၊ အလျား ၅ပေ၊ အနံ ၅ပေ၊ အမြင့် ၇ပေရှိ ရေစက်ရုံ၊ ၂ လက်မ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် အရှည် ၅၂၈၀ပေရှိ ၂ လက်မရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်နိုင်ခဲ့သော်လည်း ၎င်းရေကို ရေ အရည်အသွေးစစ်ဆေးခဲ့ရာ သောက်သုံးရန်မသင့်သည့်အတွက် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် အလျား ပေ ၂၀ ၊ အနံ ၁၂ ပေ၊ အမြင့် ၁၀ပေရှိ ရေသန့်စက်ရုံနှင့် တစ်နာရီ ရေလီတာ ၁၀၀၀ ထုတ်လုပ်န်ုင်သည့် RO System သောက်ရေသန့်စက်ကို နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ၁၀ သန်းနှင့် ပြည်သူ့ထည့်ဝင်ငွေ ၁၂ သန်းတို့ဖြင့် ၂၀၂၂ခုနှစ် စက်တင် ဘာလ ၂၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ အဆိုပါ ရေသန့်စင်စက်ရုံ တည်ဆောက်နိုင်မှုကြောင့် ဆည်ကုန်း ကျေးရွာရှိ ဒေသခံပြည်သူများသာမက အနီးအနားကျေးရွာများ အတွက်ပါ သန့်ရှင်းသော သောက်သုံးရေကို ရရှိနေပြီဖြစ်ပါကြောင်း၊ ၎င်းအပြင် ဆည်ကုန်းကျေးရွာကို ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်းနှင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားခဲ့ရာ ဆည်ကုန်းကျေးရွာမှ ရပ်မိရပ်ဖ ဦးမြအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် 1000LPHရေသန့်စက်ရုံကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကျော်ဇေယျ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ရာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလွင်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ရေသန့်စင်စက်အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)