မူဆယ် မတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉း၀၀)နာရီအချိန်က အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်သူက နယ်စပ်ဒေသနှင့် ဆင်းရဲနွမ်းပါးသောဒေသများရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှုသက်မွေးပညာရပ်များ တတ်မြောက်စေရန်၊ အိမ်တွင်းမှုပညာရပ်သင်ကြားပေးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး စားဝတ်နေရေး၊ လူနေမှုအဆင့်အတန်း ဘက်စုံတိုးတက်မြင့်မားစေရန်နှင့် အိမ်တွင်းမှုသင်တန်း ကျောင်းတွင် ဒေသစုံမြို့နယ်စုံမှ ကချင်၊တအာင်း(ပလောင်)၊ရှမ်း၊ဗမာစသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံ လာရောက်သင်ကြားသောကြောင့် ပညာရှာမှီးရင်း ပြည်ထောင်စုဖွား တိုင်းရင်းသူ အချင်းချင်း ပိုမိုစည်းလုံးချစ်ခင်စေရန် ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား အနေဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီး အိမ်တွင်းမှုလုပ်ငန်းပညာသင်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစောရင်မှ ဉီးစီးဌာန၏ လမ်းညွှန်ချက်များအတိုင်း သင်တန်းကျောင်းမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်မှတ်တမ်းများ သင်တန်း ကျောင်းမှ သင်ကြားပေးသည့် အိမ်တွင်းလက်မှုပညာရပ်များနှင့် ဟင်းချက်နည်းသင်ကြားပေးမှု မှတ်တမ်းများကို Projectorဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ ယင်းနောက် သင်တန်းဆင်းအောင်လက်မှတ်များနှင့် သင်တန်းထူးချွန်ဆုများကို ဆုရသင်တန်းသူအသီးသီးအား တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက ချီးမြှင့်ပေးအပ်ခဲ့ကြပါသည်။
ဆက်လက်ပြီး သင်တန်းဆရာမများနှင့်သင်တန်းသူများကိုယ်စား သင်တန်းသူ မဆိုင်းနမ်မှ သင်တန်းကာလအတွင်း စက်မှုပညာ၊လက်မှုဖြင့် မုန့်လုပ်ခြင်း၊ ဟင်းချက်နည်းပညာရပ်များ သင်ကြားရသည့်အတွက် ဘဝတစ်သက်စာ အသက်မွေးဝမ်းကြောင်းအတွက် များစွာအထောက်အကူဖြစ်ကြောင်း၊ စက်မှုပညာနှင့် လက်မှုပညာသာမက အခြားဗဟုသုတတိုးပွားစေရန်အတွက် စာအုပ်၊ စာစောင်များ လည်း လေ့လာဖတ်ရှု ရ၍ များစွာအကျိုးရှိကြောင်း ဝမ်းမြောက်စကား ပြောကြားခဲ့ပါသည်။ ဆက် လက်၍လည်း တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိကြသူများက သင်တန်းသူများက ချုပ်လုပ်ထားသော အဝတ်အစားဒီဇိုင်းများနှင့် လက်မှုပညာရပ်များကို လိုက်လံ ကြည့်ရှုခဲ့ကြပါသည်။
အဆိုပါ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတွင် ဒေသစုံမှ သင်တန်းသူ(၃၀) ဦး လာရောက်သင်ကြားခဲ့ကြပြီး သင်တန်းကျောင်းအုပ်ဆရာမကြီးနှင့်တကွ သင်တန်းဆရာမ(၈)ဦး တို့က လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ အမှတ်စဉ်(၃)သင်တန်းကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာ (၂၅) ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး သတ္တပတ် (၂၂)ပတ်ကြာ သင်ကြားခဲ့ကြောင်း သိရသည်။
ဆက်ပိုင်(မူဆယ်)