ထန်းတပင်(ရန်ကုန်) မတ် ၂၄
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေ ဆောင်ရွက်ခဲ့သည့် ကျေးရွာကုန်ထုတ်ဂဝံ လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာ တွင် ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် မှော်ဘီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဆွေဆွေမြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးတို့က စီမံကိန်းလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြပြီး ကျေးရွာရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးစံမောင်က ကျေးဇူးတင်စကားများ ပြန်လည်၍ပြောကြားသည်။
ထို့နောက်မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝေမိုးအောင်၊ မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဆွေဆွေမြင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်တို့က ကျေးရွာကုန်ထုတ်ဂဝံ လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကာ ကုန်ထုတ်ဂဝံလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါကျေးရွာကုန်ထုတ်ဂဝံလမ်းသည် လမ်းအရှည်(၁/၄.၅)မိုင်၊ အကျယ်(၁၂)ပေနှင့် (၉)လက်မ ထုရှိကာ (၂၀၂၂-၂၀၂၃)ခု၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၂၇.ဝဝ)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ရေပေါ်သောင်ကျေးရွာအုပ်စုမှ တောင်သူများ၏ စိုက်ပျိုး ဧက(၃၈၀)ကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
ကုန်ထုတ်ဂဝံလမ်းဖွင့်ပွဲသို့ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်းကော်မတီမှတာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)