လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

လားရှိုး မတ် ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့ နံနက်(၉)နာရီအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာ သင်တန်းကျောင်း၊ ကျောင်းအုပ် ဒေါ်မာမာမင်းက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသူများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့ပြီး သင်တန်းသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် သင်တန်းသူ၏ သင်တန်းဆင်းလက်ရာ ပစ္စည်းများကို ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းကို (၂၅-၂၀-၂၀၂၂)ရက်နေ့မှ (၂၄-၃-၂၀၂၃)ရက်နေ့ထိ သင်တန်းသူ(၃၅)ဦးဖြင့် (၂၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး ယခုသင်တန်း အပါအဝင် သင်တန်းဆင်းသူဦးရေ (၄၈၆၁)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)