ဘားအံ မတ် ၂၄
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ပတ်ဝန်းကျင်၏ အဓိပ္ပါယ်၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုအကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့် စက်ရုံ၊ အလုပ်ရုံကြီးများမှ စွန့်ပစ်လိုက်သည့် အမှိုက်များအကြောင်း၊ သဘာဝဘေးအန္တရာယ်အကြောင်း၊ နွေရာသီရောက်ရှိလာပြီဖြစ်သည့် အတွက် သတိပြုဖွယ် အပူဒဏ်အန္တရာယ်အကြောင်း စသည့် သိမှတ်ဖွယ်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောပြီး၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)